Thursday, April 26, 2012

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ၏ ဒုတိယအကြိမ် သွေးလှူပွဲအခမ်းအနား




နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ၏ ဒုတိယအကြိမ် သွေးလှူပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့အထမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Chinese Assembly Hall (တရုတ်တန်းခမ်းမ) တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်း၏ နာယကကြီးများဖြစ်ကြသော ဆရာမကြီး ဒေါ်အေးအေးစိန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မလာယာဆေးရုံ၊ သွားဖွားနှင့်မီးယပ် အထူးကုဆရာဝန်မကြီးမှ ဒေါက်တာ စီလေးခိုင်မှ ကျန်းမာရေးနှင့် သွေးလှူခြင်းအကြောင်းကို ဟောပြောခဲ့သည်။

အဆိုပါ သွေးလှူပွဲသို့ လူ ၄၅၀ ခန့် တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းရန် လာရောက်စာရင်းပေးသူများမှာ ထင်ထားသည်ထက် လွန်စွာ များပြားလွန်းနေခဲ့ကြောင်း သိရသည်။ ဆေးရုံသို့ ၅၀ - ၁၀၀ ခန့်သာ လှူဒါန်းရန် လျာထားခဲ့သော်လည်း လာရောက်စာရင်းပေးသူများမှာ ၃၀၀ ကျော် ခဲ့သည်။ သို့သော် အချိန် လုံလောက်မှု မရှိသောကြောင့် ၁၆၄ ဦးသာ သွေးလှူနိုင်ခဲ့ပြီး ထင်မှတ်မထားသည့် လူအုပ်ကြောင့် အကျွေးအမွေးများပင် မလောက်မင ဖြစ်ခဲ့ရသည်။

အဆိုပါ နှလုံးလှ သွေးလှူရှင်အသင်းသည် ပထမအကြိမ်သွေးလှူပွဲနှင့် မိတ်ဆက်ပွဲအခမ်းအနားကို ၎င်းခန်းမတွင်ပင် မတ်လ ၁၁ ရက်နေ့က ကျင်းပခဲ့ပြီး သွေးလှူရှင် ၁၀၃ ဦး လှူဒါန်းခဲ့ကြသည်။ ပထမအကြိမ် လှူဒါန်းခဲ့စဉ်က University Hospital (မလာရာ တက္ကသိုလ်ဆေးရုံ) သို့ လှူဒါန်းခဲ့ကြပြီး ယခု ဒုတိယအကြိမ်တွင် Kuala Lumpur General Hospital သို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ စတင်ဖွဲ့စည်းခဲ့ပြီး (ရန်ကုန်) နာရေးကူညီမှုအသင်းမှ ဒု-ဥက္ကဋ္ဌဖြစ်သူ စာရေးဆရာမ သန်းမြင့်အောင်၏ သြ၀ါဒကို ခံယူကာ အမာခံ EC အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လေပြည် (သတင်းကွန်ယက်)


















0 comments:

Post a Comment

Popular Posts - 3